တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အသက်(၇၇)နှစ်အရွယ် ပိုးတွေ့အတည်ပြုလူနာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

တောင်တွင်းကြီး နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံနှင့် ပရပ်ကြယ်တိုက်နယ်ဆေးရုံ (အဆောက်အဦသစ်)တွင်  ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၃)ဦးသည် သတ်မှတ်ရက် (၁၁)ရက်စောင့်ကြည့်ကုသပြီးဖြစ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် မောင်းတိုင်(၁)ရပ်ကွက်မှ အသက်(၇၇)နှစ်အရွယ်အမျိုးသားတစ်ဦး၊ ပရပ်ကြယ်တိုက်နယ်ဆေးရုံ (အဆောက်အဦသစ်)တွင် ဆေးကုသမှုခံယူနေသည့် ညောင်ပင်သာကျေးရွာမှ အသက်(၁၈)နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် ပတ်လည်ကြီးကျေးရွာမှ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့သည် ကျန်းမာရေး ကောင်းမွန်လာပြီး သတ်မှတ်ထားသည့် ကာလပြည့်ပြီဖြစ်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုကာ နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်နှင့်  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတာဝန်ရှိသူများက အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းသူ(၃)ဦးအား ထန်းပင်ကုန်းကျေးရွာ မေတ္တာကရုဏာ လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် အုပ်ချုပ်ရေးဌာန အဖွဲ့အစည်း တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ ကြီးကြပ်ကာ ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လည် လိုက်ပါ ပို့ဆောင်ပေးခဲ့ ကြကြောင်း သိရသည်။

ယနေ့အထိ တောင်တွင်းကြီးမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ(၈၆)ဦးရှိပြီဖြစ်ပြီး ဆေးရုံမှ ဆင်းခွင့်ရသူ(၈၅)ဦးနှင့် ဆေးရုံတွင် စောင့်ကြည့်ကုသဆဲအဖြစ် ပရပ်ကြယ် တိုက်နယ်ဆေးရုံ (အဆောက်အဦသစ်)မှ(၁)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးသွားမည်ဖြစ်ပြီး တောင်တွင်းကြီးမြို့နယ်တွင် ရောဂါပိုးတွေ့ရှိသူ (၁)ဦးတည်းသာ ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)