ရွှေကျင်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရွှေကျင်  ဇွန်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီကာလတွင် ကျွဲတဲရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်း၌ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရွှေကျင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး‌ခင်‌မောင်သန်းက စစ်ဗျူဟာအခြေချ(ရွှေကျင်)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးညီလန်းချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများထံ ပျိုးပင်များပေးအပ်ပြီး တက်ရောက်လာသူများက သစ်ပင်စိုက်ပျိုးကြသည်။

ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်‌စေရန်အတွက် အမြင့် ၂ ပေနှင့် အထက်ရှိသော ကျွန်း (၁၅၀) ပင်နှင့် မဟော်ဂနီ(၅၀)ပင်နှင့်မန်ဂျန်ရှား(၁၀၀)ပင် စုစုပေါင်းပျိုးပင် (၃၀၀)ကို စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ စစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့များနှင့် သစ်တောဦးစီးဌာမှဝန်ထမ်းများ စုစုပေါင်း တက်ရောက်အင်အား (၂၅၀)ဦးခန့်က သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။‌

ထွန်းထွန်းဇော်(ပြန်/ဆက်)