နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့သည့် မြို့နယ်ဂုဏ်ဆောင် ဆရာတော်ကြီး (၃) ပါးအား မြို့နယ်အဆင့် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်က ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဖြစ်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိခဲ့သည့် ပုပ္ပါရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကုသလ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိခဲ့သည့် မှော်အိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိခဲ့သည့် တောကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာစာရ ဆရာတော်ကြီးများအား မြို့နယ်အဆင့် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် (၁၂) နာရီက မင်္ဂလာကံကျောင်းတိုက်ရှိ ထေရာဝါသကျောင်းဆောင်သစ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဝန်ဆောင်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဝန်ဆောင်ဆရာတော်များနှင့် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဂုဏ်ပြုပူဇော်ပွဲ ကျင်းပရေး နာယကအဖွဲ့ ကျောင်းသစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဗလက အဖွင့်သြဝါဒ မိန့်ကြားခဲ့ခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများက ဂုဏ်ပြုပူဇော်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေး လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ရာ သြဝါဒဆရာတော်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့ မွန်းလွဲ (၁)နာရီတွင် မြိုနယ်သာသနာ့ဗိမာန်တော်ကြီး၌ မြို့နယ်သူ၊ မြို့နယ်သားများက မြို့နယ်ဂုဏ်ဆောင်ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ဂုဏ်ပြုပွဲ ကျင်းပရေးဦးစီးကော်မတီက သိရသည်။

အေဇာလင်း