ပေါက် နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ငွေကျပ်(၁ဝ)သန်း နှင့် အထက် တည်ဆောက်ရေးလုပ်ငန်းများ၏ လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ ပစ္စည်းတင်ဒါစနစ်ဖြင့် ဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ် များ ပခုက္ကူခရိုင် တင်ဒါစိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်နိုင်လင်း၊ ပေါက်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းချမ်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ခံအင်ဂျင်နီယာ၊ တင်ဒါကော်မတီဝင်များနှင့် တင်ဒါတင်သွင်းထားသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ပစ္စည်းတင်ဒါရောင်းချခြင်းကို Lot (ပစ္စည်းတစ်ခုချင်းနံပါတ်) (၄)ခုဖြစ်သည့် (၁) ကျောက်စရစ်၊ (၂)သဲ၊ (၃)အုတ်၊ (၄)သံချောင်း စသည်ဖြင့် Lot တစ်ခုချင်းအလိုက် Profile များအား စစ်ဆေးခြင်း၊ ပစ္စည်းနမူနာ အရည်အသွေးစစ်ဆေးခြင်းနှင့် စျေးနှုန်း အဆိုပြုလွှာဖွင့်ဖောက် မှတ်တမ်းရယူခြင်းတို့ကို တင်ဒါဖွင့်ဖောက် စိစစ်ရေးကော်မတီ၀င်များ၏ ရှေ့မောက်တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ လုပ်ငန်းသုံး ပစ္စည်း (၃) မျိုးဖြစ်သည့် (ကျောက်စရစ်၊ အုတ်နှင့် သံချောင်း Lot(1)(3)(4) တင်ဒါအောင်မြင်ခဲ့ပြီး ကျန်ရှိသည့် Lot(2) ဖြစ်သည့်သဲကို သတ်မှတ် ကြမ်းခင်းဈေးထက် ကျော်လွန်နေသဖြင့် (ဒုတိယ) အကြိမ် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဆက်လက်၍ တင်ဒါခေါ်ယူ ရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
ဉာဏ်တိုး (ပေါက်)