ကျိုက်လတ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲကျင်းပ

ကျိုက်လတ် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၅၈၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၃၈၄)ဦးအောင်မြင်ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် (၆၆.၀၉)ရာခိုင်နှုန်းရှိကြောင်း၊ ယခု အ.ထ.က(၁)မှ ကျောင်းသား၊ ကျောင်းသူ (၈၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၇၄)ဦး အောင်မြင်ခဲ့ရာ ယခုကျောင်းသည် မြို့နယ်ဂုဏ်ဆောင်ကျောင်း တစ်ကျောင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ငါးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၀)ဦး နှင့် ဂုဏ်ထူးသင် ဆရာ၊ ဆရာမများ၊ ခွင့်ရက်မယူ‌သော ဆရာ၊ ဆရာမများတို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးနှင့် ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်