ဘားအံ ဇွန် ၂၂
ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းသည် ဧရိယာအားဖြင့် (၉၂၈ ဒဿမ ၉၃)ဧက ကျယ်ဝန်းပြီး မြေကွက်ပေါင်း ၅၄၀၀ ကျော် ဖော်ထုတ်အကောင်အထည်ဖော်ခဲ့ရာ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်း၊ ဈေး၊ ပန်းခြံ၊ အဝေးပြေးယဉ်ရပ်နားစခန်း၊ အားကစားကွင်း၊ သုဿာန် စသည်ဖြင့်ပါဝင်ပြီး ယခုအခါ လူနေအိမ်ပေါင်း ၃၁၀ ကျော် ဆောက်လုပ်ပြီးစီးနေထိုင်လျက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းကွပ်ကဲအုပ်ချုပ်မှုကော်မတီရုံး(ရှင်းလင်းဆောင်)၌ ကော်မတီဥက္ကဋ္ဌ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက တောင်ကလေးမြို့ပြအိမ်ရာစီမံကိန်းတွင် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ လမ်းလုပ်ငန်းနှင့် Box Culvert ၊ Pipe Culvert များထည့်သွင်းတည်ဆောက်မှုအခြေအနေ၊ လျှပ်စစ်မီးလုပ်ငန်း၊ ရေရှိရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လူနေအိမ်များသို့ ရေပေးဝေနိုင်ရေး စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းတွက်ချက်၍ ပြန်လည်တင်ပြရန်၊ လမ်းဘေးဝဲယာသစ်ပင်များ စိုက်ပျိုးနိုင်ရန်၊ ရဲကင်းစခန်းမြေနေရာထားရှိရန် မှာကြား၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များမှ နည်းပညာနှင့်သက်မွေးပညာရပ်များကို မိမိဒေသအတွင်း၌ပင် လေ့လာသင်ကြားခွင့်ရရှိပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် နိုင်ငံတော်အတွက် နည်းပညာရှင်၊ အတတ်ပညာရှင် လူစွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန်အတွက် တောင်းကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းဧရိယာအတွင်းပါဝင်သော အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ) ကျောင်းသစ်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကျောင်းခန်းမ၌ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)ကျောင်းအုပ်ကြီးက ပင်မ(၃)ထပ်ဆောင်၊ (၃)ထပ်စာသင်ဆောင်၊ Steel Structure (၁)ထပ်အလုပ်ရုံ၊ (၄)ခန်းတွဲ(၄)ထပ် ဆရာ/ဆရာမဆောင်၊ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ၊ (၃)ထပ် ကျောင်းသားအိပ်ဆောင်နှင့် (၂)ထပ် ကျောင်းသူအိပ်ဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ကျောင်းစတင်ဖွင့်လှစ်နိုင်မည့်အခြေအနေ၊ အခြေခံလိုအပ်ချက်များ၊ ကျောင်းသားခေါ်ယူမည့် အစီအစဉ်များနှင့် သင်တန်းအလိုက် ပေးအပ်မည့် ဘွဲ့/လက်မှတ်အမျိုးအစားများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အဆိုပါ ကျောင်းသစ်ဖွင့်လှစ်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၏ခရီးစဉ်ဒေသတစ်ခုဖြစ်သော တောင်ဝိုင်းတောင်ခြေရှိ ထူးဂုဏ်စံပြကျေးရွာတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်ခန့်ရှိသော ထူးမြတ်သစ္စာကိုယ်ထူကိုယ်ထစာကြည့်တိုက်ရှင်သန်ဖွံဖြိုးရေးအတွက် သွားရောက်ကြည့်ရှုအားပေးရာ စာကြည့်တိုက်တည်ထောင်သူ ဦးစောတင်မောင်စိန်က စာကြည့်တိုက်ဖြစ်တည်လာပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်အသင်းဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာပေဖတ်ရှုခြင်း၊ စာကြည့်တိုက်များသို့သွားရောက်၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများရှိနေမှသာ နောင်အသက်အရွယ်ရလာသည့်အချိန်တွင် စာဖတ်သည့်ဓလေ့များဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ စာဖတ်သည့် ဓလေ့စရိုက်ထွန်းကားပြီး စာကြည့်တိုက်များသို့သွားရောက်၍ စာပေဖတ်ရှုခြင်းမှသည် စာဖတ်ရှိန်မြင့်မားကာ အသိဉာဏ်ရင့်ကျက်၍ အမှားနှင့်အမှန်ကိုဝေဖန် ပိုင်းခြားနိုင်သော အများပြည်သူအားကိုးအားထား ပြုနိုင်သော နိုင်ငံ့သားကောင်းများပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထူးမြတ်သစ္စာစာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေး ငွေကျပ် (၃)သိန်းနှင့် စာအုပ်၊ စာစောင်များကို ထောက်ပံ့ပေးအပ်ပြီး စာအုပ်စာစောင်များအား ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)