မကွေး နိုဝင်ဘာ ၁၄
မကွေးမြို့နယ် ကျန်းမာရေးဦးစီးဌာန အနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် လျက်ရှိရာ မကွေးမြို့နယ် မယ်လှတောင်ကျေးရွာအုပ်စု မြင်းကင်းကျေးရွာတွင် မဲရုံတာဝန်ကျသော ကော်မရှင်အဖွဲ့ဝင်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် မြင်းကင်းကျေးရွာအား အသွားအလာ ကန့်သတ်သည့် နေရာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ၎င်းနှင့် ထိတွေ့ ဆက်စပ်မှုရှိသူ (၂၂)ဦးအား Swab ရယူ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာအေးထံက သိရသည်။
“မြင်းကင်းကျေးရွာက ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့တဲ့ contact (၂၂) ဦးကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က swab ရယူဖို့အတွက် KS Rescue Magway (မကွေးလူမှုကယ် ဆယ်ရေးအသင်း)က တာဝန်ယူပို့ဆောင်ပေးခဲ့တာပါ၊ မကွေးမြို့ TTC Q Center မှာ မကွေးမြို့နယ် ကျန်းမာရေး ဦးစီးဌာနက ဆေးစစ်ဆေး ဆောင်ရွက်တာဖြစ်ပါတယ်၊ အဲဒီကျေးရွာကContact(၂၂)ဦးလုံးမှာ ရောဂါပိုးတွေ့ရှိမှု မရှိပါဘူး အားလုံးဟာ Negatives အဖြေ ထွက်ရှိခဲ့တာဖြစ်လို့ ဝမ်းသာပျော်ရွှင်နေကြပါ တယ်” ဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဥမ္မာအေးက ပြောသည်။
“All Negatives ပါခင်ဗျာ အားလုံးက ပျော်လွန်းလို့ ထတောင်အော်ကြပါတယ်၊ အပျော်တွေ ကူးစက်ခံ စားရပါတယ်၊ ဒီရောဂါကြီး ဒီကမ္ဘာပေါ်ကနေ အမြန်ဆုံး ပျောက်စေ ချင်ပါပြီ” ဟု လူမှုကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိတဲ့ ကိုစည်ဖြိုးသူ KS Rescue Magway(မကွေးလူမှုကယ် ဆယ်ရေးအသင်း)က ပြောပါတယ်။
တိုင်းဒေသကြီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ ကိုဗစ်-၁၉ ရောဂါပိုး(RDT) စစ်ဆေးဆောင်ရွက် မှုများအရ အောင်လံမှ ပိုးတွေ့အတည်ပြုလူနာ(၈)ဦး ထပ်တိုးတွေ့ရှိကာ ၎င်းတို့အထဲက(၅)ဦးမှာ ပိုးတွေ့အတည်ပြုလူနာ နှင့်ထိတွေ့မှု ရှိသောကြောင့် အသွားအလာကန့်သတ်ထားသူများဖြစ်ပြီး ကျန်(၃)ဦးမှာ (အနံ့ပျောက်) စောင့်ကြည့် လူနာ(PUI)များ ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ ၁၃ ရက် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ စုစုပေါင်း(၈၇၄)ဦးရှိပြီး တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ(၁၄၇)ဦးရှိကာ၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၇၂၅)ဦးနှင့် သေဆုံးသူ(၂)ဦး ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)