ဘိုကလေး ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ခုနှစ် မိုးစပါးဧက အထွက်နှုန်းတိုးတက်ရေးအတွက် သဘာဝမြေဩဇာ လယ်ကွက်အတွင်း ထည့်သွင်းခြင်း အခမ်းအနားအား ဘိုကလေးမြို့နယ်၊ သာပေါင်း ကျေးရွာအုပ်စုရှိတောင်သူ ဦးစံသောင်း၏ ကွင်းအမှတ်(၆၇၀)၊ ဦးပိုင်အမှတ်(၇၂) လယ်ယာမြေတွင် ယနေ့နံနက်(၉)နာရီ၌ ကျင်းပဆောင်ရွက်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီးတောင်သူ ဦးစံသောင်း၏ လယ်ယာမြေအတွင်းသို့ သဘာဝမြေဩဇာဖြစ်သော စပါးခွံမြေဩဇာကို တောင်သူများ ကြဲပက်ထည့်သွင်းနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက တောင်သူများအား မိမိတို့ဒေသ၌ မိုးစပါးဧက အထွက်တိုးစေရေးအတွက် ကုန်ကျစရိတ်နည်းပါးသော၊ သဘာဝမြေဩဇာဖြစ်သော စပါးခွံမြေဩဇာများကို ထည့်သွင်းကြဲပက်နိုင်ရေး လမ်းညွှန်အမှာစကားများ ပြောကြားခဲ့ပြီး စပါးပင်များအား ဖျက်စီးတတ်သော ရွှေခရုများအား ကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်းနှင့် လယ်ယာမြေများအတွင်းမှ ရွှေခရုများအား စုပေါင်းဝိုင်းဝန်း ကောက်ယူဖယ်ရှားခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)