နတ်မောက်မြို့၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

နတ်မောက် ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုးစပါးများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ နွေစပါးစိုက်ဧရိယာများ၏ အထွက်နှုန်းကို စနစ်တကျမှတ်တမ်းတင်နိုင်ရေး စသည့်ရည်ရွယ်ချက်ဖြင့် မြို့မရပ်ကွက် ကွင်းအမှတ် (၄၇၇)ရှိ အကျိုးဆောင်တောင်သူ ဦးစိုးသိန်း၏ စပါးဆာဖိုးသာစိုက်ပျိုးသည့် လယ်မြေတွင် ယနေ့နံနက် ၁၀ နာရီအချိန်က နွေစပါးစံကွက် ရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။

အဆိုပါနွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မကွေးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးငွေဆန်း၊ မကွေးခရိုင်မြေစာရင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြရာ စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူလယ်သမားများ၏ လူမှုဘဝမြင့်မားတိုးတက်ရေး၊ လယ်ယာထွက်ကုန်သီးနှံများ အထွက်နှုန်းမြင့်မားရေး၊ ဈေးကွက်ဝင်သီးနှံများနှင့် အဓိကသီးနှံများဈေးကောင်းရရှိရေးတို့ကို စဉ်ဆက်မပြက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စံကွက်ရိတ်သိမ်းရာတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် တောင်သူများက ဦးပိုင်အမှတ် (၃၁၃) တောင်သူဦးစိုးသိန်း၏ လယ်မြေ (၁.၂၁)ဧက စိုက်ခင်းတွင် ဆာဖိုးသာစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက စပါးအစို (၂၆၅.၅၄)တင်း ထွက်ရှိကြောင်း သိရသည်။

လှဝင်း