ကသာ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ် မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ဝါဆိုကိုဦး ရေးသားသည့် “စွန့်လွှတ်ခြင်းသီအိုရီ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးနှင့် ကသာမြို့ Book Club အဖွဲ့ဝင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်(ကိုဘကသာ)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဝါဆိုကိုဦး(တောင်ကြီး) ရေးသားသည့် “စွန့်လွှတ်ခြင်းသီအိုရီ” ဆောင်းပါးတွင်ပါရှိသည့် အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက် ၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်(ကိုဘ၊ ကသာ)ကလည်းကောင်း၊ အဖွဲ့ဝင် မောင်သူရစံနှင့်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆောင်းပါး နှင့်ပတ်သက်၍ မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကသာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးတို့က စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် လူတစ်ယောက်နှင့် တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုမှုချင်း မတူညီကြသော်လည်းဆောင်းပါးအပေါ်သုံးသပ်ဆွေးနွေးကြခြင်းဖြင့် အသိအမြင်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဘဝခရီးတွင်အတိတ်၏ ဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး အနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့၏ လိုအပ်ချက်များကို သိရှိလာပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့နယ်စာရေးဆရာ အသင်း၊Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)