ဆိပ်ဖြူ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းစိုက်ပျိုးဧရိယာအတွင်းမှ မိုးသီးနှံ စိုက်ပျိုးမည့် တောင်သူများအတွက် စပါးပျိုးထောင်ရေနှင့် မြေပြင်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေများကို ပေးလွှတ်နေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄ခုနှစ် မိုးသီးနှံအတွက် ဆိပ်ဖြူအောက်ဆိပ်မြစ်ရေတင်စီမံကိန်းတွင် မိုးစပါး (၅၅၅) ဧက၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစု၊ ချည်မျှင်ရှည်ဝါ အစရှိသော အခြားသီးနှံ (၉၄၅) ဧက စုစုပေါင်း (၁၅၀၀) ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိသည်။ မြစ်ရေတင်စိုက်ပျိုးဧရိယာအတွင်းရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးထုတ်လုပ်သော သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးဆောင်ရွက်နိုင်ရေးတို့အတွက် စိုက်ပျိုးရေပြည့်ဝစွာရရှိနိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံတောင်သူများ၏ မိုးသီးနှံစိုက်ပျိုးချိန်အမီ စတင်စိုက်ပျိုးလို့သည့်ရက်များအတွက် လျှပ်စစ်မြစ်ရေတင်မှ တာဝန်ရှိသူများ၊ ရေပေးဝေရေးကော်မတီအဖွဲ့များနှင့် ဒေသခံတောင်သူများတွေ့ဆုံ၍ စိုက်ပျိုးရေပေးမည့် စီမံဆောင်ရွက်ချက်များကို ညိနှိုင်းဆောင်ရွက်ခဲ့ကာ မိုးစပါးပျိုးထောင်ရေနှင့် စိုက်ပျိုးမြေပြင်လုပ်ငန်းများအတွက် စိုက်ပျိုးရေကို ဇွန်လ ၁၅ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများကလည်း ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် သီးနှံအထွက်တိုး မျိုးကောင်း၊ မျိုးသန့်များ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးနည်းစနစ်၊ သွင်းအားစုနှင့် သီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားအန္တရာယ်အကြောင်းအရာတို့ကို ရှင်းလင်းပြောကြားပေးကြောင်း၊ အောက်ဆိပ်မြစ်ရေတင်စီမံကိန်း မိုးသီးနှံစိုက်ဧက (၁၅၀၀)အတွက် ဧရာဝတီမြစ်မှ ရေတင်စက် (၃)ခု၊ ပင်မမြောင်းနှင့် လက်တံမြောင်း (၁၀)ခုတို့မှတဆင့် ရေပေးမြောင်းများသို့ စိုက်ပျိုးရေပြည့်ဝစွာရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရှိရသည်။
စိုးလင်းနိုင်(IPRD)