ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရွှေတောင် ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မိုးရာသီတွင် ခြင်များပေါက်ဖွားပြီး ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ အ.ထ.က ရွှေတောင်၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၊ အ.ထ.က ကြာနီကန်ကျောင်းနှင့် အ.ထ.က(ခွဲ) သရက်တောကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကြီးကြပ်မှကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများကဦးဆောင်၍  မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများနှင့် ကျောင်းပတ်ဝန်းကျင်သာယာလှပရေး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)