ပခုက္ကူ ဇွန် ၂၂
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ယမန်နေ့ညနေ ၄ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)စစ်တုရင်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဆင့်မြင့်တက္ကသိုလ်ပညာရပ်များအပြင် ဗလငါးတန်နှင့်ပြည့်စုံကြွယ်ဝသည့် ကျောင်သား၊ ကျောင်သူ(လူငယ်)များ ဖြစ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများအကြား ချစ်ခင်စည်းလုံးညီညွတ်မှုပိုမိုရရှိစေရန်၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် (၄)ရပ် ရွက်ဆိုကြပြီး ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက စစ်တုရင်အားကစားပြိုင်ပွဲ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ကျောင်းသား ၁၁ ဦး၊ ကျောင်းသူ ၇ ဦး စုစုပေါင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)