နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မအူပင် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုး‌ရေးသင်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိ လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးဌေးရယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရးဆိုင်ရာများအား အသိပညာပေးဟောပြောဆွေးနွေးရာ ကျောင်းသား၊ ကျောင်းသူ များမှ ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြသည်။ ၎င်းနောက် ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှရှင်းလင်းပြသရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးဌေးရယ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သတင်းစကား မူးယစ်ဆေးဝါး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)