ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် နယုန်လပြည့် မဟာသမယအခါတော်နေ့ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပ

ပုသိမ် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းအတွင်း နယုန်လပြည့် မဟာသမယအခါတော်နေ့ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဦးမောင်ကြီးအာရုံခံတန်ဆောင်းရှိ ရုပ်ပွားတော်မြတ်များအား ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် နယုန်လပြည့်မဟာသမယအခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပုသိမ်မြို့၊ အောင်မြေဘုံသာကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ်နှစ်ပါးက ဘုရားပင့်ခြင်း၊ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ မဟာသမယအခါတော်နေ့အကြောင်းကို အောင်မြေဘုံသာကျောင်းတိုက်၏ ပဓာနနာယက ဆရာတော်ဘုရားကြီးက ဟောကြားတော်မူပြီး သံဃာတော်အရှင်သူမြတ်များက မဟာသမယသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး  တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို  “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)