မင်းဘူး ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရေဘေးသဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ ဓာတ်တော်ကုန်းဘုရားဓမ္မာရုံနှင့် ဧရာဝတီမြစ်ကမ်းဘေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်အနားတွင် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကာပြောကြားပြီး အတွင်းရေးမှူး မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက ဧရာဝတီမြစ်ကမ်းဘေးနေထိုင်ကြသူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိုးတွင်းကာလ ရေကြီး၊ ရေလျှံမှုများ ကြုံတွေ့ရပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် အရေးပေါ် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရေး၊ သဘာဝဘေးအန္တရာယ်များနှင့် အမှန်တကယ် ရင်ဆိုင်ကြုံတွေ့လာချိန် ကြိုတင်ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အသိပညာပေးလေ့ကျင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ရေဘေးသဏ္ဍာန်တူ သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့ခွဲပြီး မြို့ပေါ်ရပ်ကွက်အတွင်း သဘာဝဘေးအန္တရာယ် ရေဘေးဖြစ်ပွားချိန် ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြရန် Hand Speaker ဖြင့် အသိပေး လှည့်လည်နှိုးဆော်ခြင်း၊ ဒေသခံပြည်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ယာယီကယ်ဆယ်ရေးစခန်းသို့ ဦးစွာ ကူညီပြောင်းရွှေ့ပေးခဲ့ကြသည်။
ထို့နောက် ရေပြင်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းအဖြစ် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့် သန္တေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက (Speed Boat) စက်လှေ နှစ်စီး၊ လူနာ တင်ယာဉ်တစ်စီးတို့ဖြင့် ဧရာဝတီမြစ်အတွင်း ရေပြင်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရှေးဦးသူနာပြုလုပ်ငန်းများဆောင်ရွက်ခြင်း၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ စနစ်တကျ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို သရုပ်ပြ ဇတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သဘာဝဘေးဖြစ်ပွားပြီးချိန်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအမျိုးအစားအလိုက် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ကူညီကယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ရှင်းလင်းပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)