ဇီးကုန်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သစ်တောသစ်ပင်များ၊ သစ်တော ဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြု သလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက လယ်မကျေးရွာအုပ်စု၊ ရွှေခြံရတနာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးအောင်မိုးတို့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများထံ စိုက်ပျိုးမည့်ပျိုးပင်များကို ပေးအပ်ခဲ့သည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများက ကျွန်းပင် (၁၀၀) ပင်၊ တပေဘူတ(၃၀)ပင်၊ ငုရွှေဝါ(၁၀) ပင်၊ယမနေ(၅၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ မန်ကျည်း(၁၀)ပင် စုစုပေါင်း ပျိုးပင်(၃၀၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)