သရက် ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လူထုပညာပေး Billboard စိုက်ထူပွဲ အခမ်းအနားကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၇:၃၀)နာရီက နာရီစင်ရှေ့သံကြိုးလမ်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာမှာ မြန်မာနိုင်ငံတော်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကြားဖြတ်သန်းခေါင်စာရင်းကိုလည်းကောင်း ယခု ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ (၁၅)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လူထုအသိပညာပေး Billboard အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဗန်းကိုင်ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများနှင့်ဒိုးပတ်အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)