ငွေဆောင်မြို့ (Grade – 12) အောင်မြင်ခဲ့သော ကျောင်းသား / သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ငွေဆောင် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာ၊ အ.ထ.က(ခွဲ) သဇင်စာသင်ကျောင်းမှ ( ၂၀၂၃ - ၂၀၂၄) ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ( Grade – 12) အောင်မြင်ခဲ့သော ကျောင်းသား/ သူများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် ကျောင်းသား/ သူများမှ ဧည့်ခံကျွေးမွေးခြင်း အခမ်းအနားအား ယမန်နေ့နံနက်(၁၀) နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 အဆိုပါ အခမ်းအနား၌ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သဇင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်နှင့် ကျောင်းအကျိုးတော်ဆောင် ဦးမောင်မောင်ဆန်းတို့မှ ဂုဏ်ပြုစကား အသီးသီးပြောကြားခဲ့ကြသည်။ ဆက်လက်၍ အ.ထ.က(ခွဲ) သဇင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ချစ်စုမှ ဂုဏ်ပြု ကျေးဇူးတင်စကား ပြောကြားရာတွင် အ.ထ.က( ခွဲ) သဇင် ကျောင်းမှ (၂၀၂၃ - ၂၀၂၄) ပညာသင်နှစ်၊ Grade – 12 စာမေးပွဲအား ကျောင်းသား/သူ (၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၄) ဦးအောင်ခဲ့ပြီး အောင်ချက်( ၅၇.၁) ရာခိုင်နှုန်းရှိသည့်အတွက် ဝမ်းသာမိပါကြောင်း ၊  တိုင်းဒေသကြီးအဆင့်( ဝိဇ္ဇာတွဲ )အမှတ်အများဆုံး (ပဥ္စမ) ၊ (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦး ထွက်ရှိသည့်အတွက် ကျောင်း၏ဂုဏ်ကို တက်ပါစေခဲ့ကြောင်းနှင့် စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား / သူများ ၊ သင်ကြားပြသပေးသော ဆရာ/ဆရာမများနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကူညီပေးကြသော မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ရပ်မိ၊ ရပ်ဖများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ၊ စာမေးပွဲကျသော ကျောင်းသား/ သူများ အနေဖြင့်လည်း စိတ်ဓာတ်မကျဘဲ ပြန်လည်ကြိုးစားစေလိုကြောင်း ၊ ယခုနှစ်တွင်လည်း ကျောင်းအောင်ချက်ကောင်းမွန်ရေး ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 ထို့နောက် အ.ထ.က(ခွဲ) သဇင်ကျောင်းမှ (၂၀၂၃ - ၂၀၂၄ ) ပညာသင်နှစ် ၊ Grade – 12 စာမေးပွဲ အောင်မြင်ခဲ့ကြသော (၅) ဘာသာဂုဏ်ထူးရှင်နှင့် ကျောင်းသား / သူများ ၊ ဂုဏ်ထူး ထွက်အောင် သင်ကြားပြသပေးသော ဆရာမများအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ၊ သဇင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ရပ်မိ ရပ်ဖများနှင့် စေတနာရှင်များက ဂုဏ်ပြုဆုတော်ငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကျောင်းအတွက် လိုအပ်လျက်ရှိသော အမိုးပြုပြင်ရန်အတွက် (IME Group) မှ မတည်အလှူငွေ လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်ချစ်စုမှ လက်ခံရယူပြီး ဂုဏ်ပြုကတ်ပြား ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားအစီအစဥ် အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာခဲ့ကာ စာမေးပွဲအောင်သော ကျောင်းသား / သူများမှ တက်ရောက်လာကြသူများအား ခေါက်ဆွဲကြော် ၊ လက်ဖက်ရည် ၊ အချိုရည် ၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)