ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ပန်းတောင်း ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယ​မန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆေးကုသပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက လာရောက်အားပေးကြည့်ရှုကာ လိုအပ်သည်များကို မှာကြား၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ အစရှိသော ရောဂါများကို အခမဲ့စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို​​ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီအချိန်ထိ အခမဲ့ဆေးကုသပေးလျက်ရှိရာ လူနာဟောင်း (၈၂)ဦး၊ လူနာသစ် (၂)ဦး၊ စုစုပေါင်း (၈၄) ဦးခန့် ဆေးကုသမှုခံယူလျက်ရှိပြီး လစဥ် (၂၁)ရက်နေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။

လပြည့်လင်း(ပြန်/ဆက်)