မအူပင် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယရဲမှူးမိုးမြင့်ကိုက ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာများအားလည်းကောင်း၊ ခရိုင်ဦးစီးမှူးဦးမျိုးလွင်ဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအားလည်းကောင်း၊ ရဲအုပ်အောင်ထွန်းဦးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများအားလည်းကောင်း၊ ရဲမှူးထွန်းထွန်းအေးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာများအားလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြသည်။ ၄င်းနောက် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာရွှေဝါနှင့် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာခင်ကေခိုင်တို့မှ အမှတ်ရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)