နည်းပညာတက္ကသိုလ်(ဘားအံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဘားအံ ဇွန် ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့၊ နည်းပညာတက္ကသိုလ်(ဘားအံ)၌ ယာဉ်မတော်တဆဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဆုံးရှုံးမှု၊ လူမှုဘဝဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျောင်းသား/ ကျောင်းသူများ သိရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉:၀၀)နာရီက နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ ၊ ဆရာ / ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ ၊ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ဘားအံ)ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃၁)မူးယစ်တပ်ဖွဲ့စုမှ ဒုရဲမှူးအောင်မြင့်ဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကရင်ပြည်နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမျိုးကျော်ညွန့်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကရင်ပြည်နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးတင်မြင့်အောင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့် ပတ်သက်သည့်ဥပဒေများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေများကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများမှသိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်