ဘိုက‌လေးမြို့နယ်၌ တာဝတိံသာစေတီတော်သစ်ကြီး ပြန်လည်တည်ထားကိုးကွယ်ရန် (၁၂)ကြိမ်မြောက် အလှူငွေပေးအပ်ပွဲ ကျင်းပ

ဘိုကလေး ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေအောင်စကြာ စေတီတော်ဝန်းအတွင်းမှ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော် တာဝတိံသာစေတီ‌တော်မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင်လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာအားနည်းခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် ဧပြီ (၂၉)ရက်နေ့ နံနက် ၂ နာရီခွဲအချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ပြိုကျပျက်စီးခဲ့သော တာဝတိံသာစေတီတော်မြတ်ကြီးအား အသစ်တစ်ဖန်ပြန်လည်တည်ထားနိုင်ရေးအတွက် ဆရာတော်၊ သံယာတော်များ၊ သာသနာ့အနွယ်ဝင် အလှူရှင်၊ အလှူမများမှ အလှူုတော်ငွေများ ဝိုင်းဝန်းထည့်ဝင်လှူဒါန်းမှုပြုကြရာ ယနေ့နေ့လယ် (၁)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေအောင်စကြာစေတီတော်ဝန်းအတွင်း၌ (၁၂)ကြိမ်‌မြောက် အလှူငွေပေးအပ်လှူဒါန်းပွဲနှင့် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခြင်းအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ စေတီတော်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်၊ အလှူမများ တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စေတီတော်တည်ဆောက်ရေး ဩဝါဒစရိယဆရာတော်ကြီးများထံမှ တည်ဆောက်ရေးကော်မတီနှင့် အလှူရှင်၊ အလှူမများမှ သီလခံယူဆောက်တည်ခြင်း၊ အလှူငွေများအား စေတီတော်တည်ဆောက်ရေး ကော်မတီဝင်များထံ ပေးအပ်လှူဒါန်းခြင်း၊ တည်ဆောက်ရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်း၊ ဆရာတော်ကြီးများထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

စေတီတော်မြတ်ကြီး ပြန်လည်တည်ထားနိုင်ရေးအတွက် ဆရာတော်၊ သံယာတော်များ၊ သာသနာ့အနွယ်ဝင် အလှူရှင်၊ အလှူများား၏ လှူဒါန်းမှုမှာ ပထမအကြိမ် အလှူငွေ‌ပေးအပ်ပွဲမှ စတင်၍ ယခုအချိန် (၁၂)ကြိမ်မြောက် အလှူငွေပေးအပ်ပွဲအထိ စုစုပေါင်းအလှူငွေ ကျပ်သိန်းပေါင်း (၅၄၁၆)သိန်းကျော် ရရှိခဲ့ပြီး ၎င်းအလှူငွေများအနက်မှ စေတီတော်မြတ်ကြီး ပြန်လည်တည်ထားကိုးကွယ်ရန် မြေသားစမ်းသပ်ခြင်းလုပ်ငန်း၊ တည်ဆောက်မည့်မြေနေရာအား သဲမြေဖို့ခြင်းလုပ်ငန်း၊ စေတီတော်ဟောင်းအား ဖျက်သိမ်းခြင်းလုပ်ငန်း၊ ဘိုးပိုင်အလုံး (၂၀)တူးခြင်းလုပ်ငန်း၊ သံခြင်းယက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိ အချိန်တွင် စေတီတော်သစ်ကြီး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)