ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန် မအူပင်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

မအူပင် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဒေါ်ထွေးထွေး၊ မအူပင်ခရိုင်တရားသူကြီး ဒေါ်အေးအေးမြင့်တို့နှင့်အတူ ဇွန် ၂၁ ရက်က မအူပင် အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင်တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့် အဖွဲ့ဝင်များသည် အကျဉ်းထောင်အတွင်း အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ နေထိုင်သည့် အဆောင်များ၊ စားဖိုဆောင်၊ ဆေးပေးခန်းတို့အား လှည့်လည်ကြည်ရှုကာ ၄င်းတို့၏ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်းရှိ/မရှိ၊ နေရာထိုင်ခင်း အဆင်ပြေမှုရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများအား ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဉ်းထောင်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)