စေတုတ္တရာမြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး "လူငယ်စကားဝိုင်း" ကျင်းပ

စေတုတ္တရာ ဇွန်လ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီကအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် လူငယ်စကားဝိုင်းကျင်းပရာ၌ လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာပြောဆိုဆက်ဆံတတ်စေရန် အသိပညာများကို လူငယ်များဝိုင်းဖွဲ့မျှဝေကာ ပြောဆိုတတ်စေရန်ယခုလို လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ဦးဆောင်ကာ ညှိနှိုင်းရေးမှူး(Moderator)အဖြစ် ဆောင်ရွက်၍ ဆွေးနွေးပြောကြားသူများအဖြစ် အ.ထ.က (စေတုတ္တရာ)မှGrade-10 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် မောင်စွမ်းသီဟထက်၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် မနှင်းဖြူဖြူလှိုင်၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် မလင်းလင်းထိုက်၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် မ‌နေရည်ဝင့်ထည်၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် မောင်ကောင်းခန့်ဗိုလ်တို့က စကားဝိုင်းဖွဲဆွေးနွေးပြောကြားခဲ့ပြီး နောက်တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ​ပြန်လည်ရှင်းလင်း‌ဖြေကြားပေးသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရာက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းမင်းဇင်၊ အတွင်းရေးမှူးရဲမှူးဝင်းကိုကို၊ မြို့နယ်ပညာရေးမှူးဦးသန်းမြိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်တို့က လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးကြသူ ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီးနောက် လူငယ်စကားဝိုင်းသို့ အားကစားကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၅)ဦး တက်ရောက်ခဲ့ကြရာ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ပြသထားသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်/ စာစောင်များ ပြသမှုကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ဝင်းအိမွန် (ပြန်/ဆက်)