မုံရွာ ဇွန် ၂၁
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ကျောင်းသား၊ကျောင်းသူလေးများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိကာ ဗဟုတများတိုးပွားလာစေရန်နှင့် ကိုယ်ပိုင်တွေးခေါ်တတ်သည့် စိတ်ကူးစိတ်သန်းကောင်းများ ရရှိလာစေရန် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် " မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအကျိုးပြု " ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများ၊ "မူးယစ်ရန်စွယ် ဒို့ကာကွယ်" ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများနှင့် "မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက်" ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၄၅)ဦးအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့်ကဗျာပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၁၀)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၅)ဦးနှင့် အထက်အဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၅)ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားသို့ သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)