စစ်ကိုင်း ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းမြို့ရှိ စားသောက်ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ FDA လျောက်ထားချက်များနှင့် ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဦးစီးအရာရှိက အစား အသောက်ဘေးအန္တရာယ် ကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှု၊ ဈေးကွက်မတင်မီစိစစ်ခြင်း၊ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံ ချက်စိစစ်ခြင်း၊ အမှတ်တံဆိပ်တွင် မဖြစ်မနေ ဖော်ပြရမည့် အချက်များ၊ အဆောက်အအုံ မြေနေရာများနှင့် သက်ဆိုင်သော အချက်အလက်များ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် သက်ဆိုင်သော အချက်အလက်များ၊ ပူးတွဲပေးပို့သော စာရွက်စာတမ်းများ၊ လျှောက်ထားမှုများအား စိစစ်ခြင်းနှင့် ဆက်သွယ်ရမည့် လိပ်စာများကို အသေးစိတ် ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူ အကာအကွယ်ပေးရေးအတွက် စားသုံးသူများ၏ အခွင့်အရေးများ၊ ထုပ်လုပ်သူလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဥပဒေ/ နည်းဥပဒေများ၊ စည်းကမ်းဥပဒေလိုက်နာခြင်း ပျက်ကွက်ပါက ကျခံရမည့် ပြစ်မှုများအကြောင်းကို ဆွေးနွေးပြောကြားပြီး လုပ်ငန်းရှင်များက မရှင်းလင်းသည်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်