ဘားအံ ဇွန် ၂၁
ယခုနှစ် မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်မျိုး(၁၇)မျိုးဖြင့် အပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအခါ အပင်ပေါင်း ၂၈၆၇ ပင်ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ (ဒုတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။
သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု မျှတသာယာရေး၊ သဘာဝဘေးအန္တရာယ်များ လျော့ပါးရေး၊ ပြည်သူလူထု အရိပ်ခိုနားနေ အပန်းဖြေနိုင်ရေးအတွက် သစ်ပင်စိုက်ပျိုးနိုင်သည့် နေရာမှန်သမျှ သင့်လျှော်သော သစ်ပင်များစိုက်ပျိုးနိုင်ရန် ပြည်နယ်သစ်တောဦးစီးဌာနအနေ ဖြင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း၊ တပ်ရင်းတပ်ဖွဲ့၊ ဒေသခံပြည်သူများဖြင့် ဝိုင်းဝန်းပူးပေါင်း၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးပြီးသစ်ပင်များကို တစ်ဦးချင်းစီက အသိစိတ်ဓာတ်ရှိစွာဖြင့် အစုအဖွဲ့၊ ရပ်ကွက်/ကျေးရွာ၊ မြို့ပြဒေသအလိုက် တန်ဖိုးထားထိန်းသိမ်းပြုစုစောင့်ရှောက်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံဂေါက်ကွင်းမှ တာဝန်ရှိသူတစ်ဦးအား ပျိုးပင်များ ဖြန့်ဝေပေးပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် ရေဝပ်ဒဏ်ခံနိုင်ပြီး ဒေသနှင့် ကိုက်ညီသည့်သစ်မျိုးများဖြစ်သော ပျဉ်းမ(၅၁၁)ပင်နှင့်မအူ(၄၉၈)ပင် စုစုပေါင်း (၁၀၀၉)ပင်ကို စိုက်ပျိုးခဲ့ကြရာ ထိုသို့ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများသို့ တင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခရစ်ကတ်၊ ဘောလုံး၊ ဘော်လီဘော၊ ဂျူဒို၊ ရေကူး အားကစားအသင်းများနှင့် ဆုရအားကစား သမားများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်း(၅)ခုတွင် ရွှေ(၂)၊ ငွေ(၄)၊ ကြေး(၃) ဆုများ ရရှိခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထပ်မံဂုဏ်ပြုခြင်းဖြစ်ပြီး နောင်ပြိုင်ပွဲများတွင်လည်း ကရင်ပြည်နယ်၏ဂုဏ်ကို မိမိတို့ ကျွမ်းကျင်သည့် အားကစားနည်းများဖြင့် မြှင့်တင်ဂုဏ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်ဂုဏ်ဆောင် ဆုရအားကစားသမားများနှင့် အားကစားအသင်းများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြရာ အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ အားကစား သမား၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် တက်ရောက်လာသူများအား ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)