တောင်ငူ ဇွန် ၂၁
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်ပန်းချီ၊ ပန်းပု၊ အစည်းအရုံးနာယက ပန်းချီဆရာဦးစိုးမြင့်လေးက ပြိုင်ပွဲဝင်စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပန်းချီပြိုင်ပွဲ အားစတင်ကျင်းပရာ၊ တောင်ငူမြို့၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၂) ဦးပါဝင်ယှဥ်ပြိုင်ကြသည်။ ထို့နောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုးက မူးယစ်ဆေးဝါးအန္တရာယ်အား အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်နေမှုများ၊ မူးယစ်ဆေးဝါး၏အန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးပြီး ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် ကျောင်းသားကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး၊ ပန်းချီဆရာဦးစိုးမြင့်လေးနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာမဒေါ်နော်လာစေးတို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ "အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် " အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်း၌ စာအုပ်ပြပွဲများ ကျင်းပခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှထုတ်ဝေသည့်" အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်" သတင်းစကား” လက်ကမ်းစာစောင်များအား အခမ်းအနားသို့ တက်ရောက်လာကြသည့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် စာအုပ်စာစောင်ချစ်နိုးသူများအသင်းမှ ပုဂ္ဂိုလ်များသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)