တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရှေးဦးအရွယ်ကလေးသူယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကျင်းပ

ထားဝယ် ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် တိုင်းဒေသကြီးကော်မတီဝင်များ အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် စသည့် ရည်ရွယ်ချက်များဖြင့် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် UNCRC က သတ်မှတ်ထားသော ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်ခြင်း မရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေသောမူ၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်များကို အလေးပေးစေသောမူဆိုသည့်အချက်များအား အခြေခံထားပြီး မိမိတို့တာဝန်ယူဆောင်ရွက်နေကြသည့် အခန်းကဏ္ဍများတွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသောကလေး သူငယ်အခွင့်အရေးများရရှိရန် ဦးတည်ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာသော အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ဒေသ လိုအပ်ချက်နှင့်ကိုက်ညီသော ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေလင်းက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက အကြမ်းဖက်ခံရသော ကလေးသူငယ်ကိစ္စရပ်များအား ဆောင်ရွက်ပေးမှုအခြေအနေ၊ ကလေးသူငယ်ကြီးကြပ်သူအစီရင်ခံစာ ဆောင်ရွက်မှုအခြေအနေ၊ ပရဟိတဂေဟာများ တည်ထောင်ခွင့်ပြုမိန့်ပေးခြင်းကြီးကြပ်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ချက်များ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)