ဂန့်ဂေါ ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ ပြည့်ဝစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြားပို့ချသည့် စာများအပြင် အသိပညာဗဟုသုတများ ရရှိစေရန်စေမည့် သုတ/ ရသစာအုပ်စာပေများကိုပါ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက ဦးဆောင်၍ ကျောင်းသား/ကျောင်းသူ(၅)ဦးလျှင် တစ်ဖွဲ့နှုန်းဖြင့် အဖွဲ့(၄)ဖွဲ့ခွဲ၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ ” စာအုပ်မှ သုတစာပေဖတ်ပါစေ၊ မိဘဆရာ ရိုသေပါ၊ ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ ခေါင်းစဉ်အသီးသီးဖြင့် ဖတ်ရှုကာ အသိပညာဗဟုသုတရရှိမှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဦးနှင့် ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားတက်ရောက်လာသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
မောင်မျိုးမင်း(ပြန်/ဆက်)