ကန့်ဘလူ ဇွန် ၂၁
၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် (၁၀) နာရီက ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတို့က ယနေ့ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ မူးယစ်ဆေးဝါး မှုခင်းများအကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူးယစ်ဆေးဝါးအန္တရာယ် လျော့နည်းပပျောက်ရေး ဆောင်ရွက်ချက်များအကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော မှုခင်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူမှောင်ခိုနှင့်လူကုန်ကူးမှုအန္တရာယ် အကြောင်းများအား အသိပညာပေး ဆွေးနွေးဟောပြောကြသည်။
ထို့နောက် တက်ရောက်လာကြသော အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)