ဒေးဒရဲ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃)နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှုး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ဦးတင်ဦး (ကျုရှင်) ရေးသားသည့် နှလုံးသားနှင့်ကြည့်ပါ စာအုပ်ပါ မတူခြင်းကိုလက်ခံပါ ဆောင်းပါးနှင့် ကတိနှင့်သစ္စာဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် တစ်ယောက်နှင့်တစ်ယောက် အမြင်ချင်း မတူနိုင်ကြခြင်းမှာ ဖြတ်သန်းလာရသော ဘဝနောက်ခံများ မတူကြလို့ ဖြစ်ပါကြောင်း၊ မိမိနှင့်အမြင်မတူသော အခြားသူ၏အမြင်ကို လေးစားရမှာ ဖြစ်ပါကြောင်း၊ မတူသော အမြင်များကို ပေါင်းစပ်ပြီး အကျိုးရှိအောင် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်းနှင့် လူတစ်ဦးချင်းမှာဖြစ်စေ အများနှင့်ယှဥ်သည့် ကိစ္စမှာဖြစ်စေ ကတိသစ္စာသည် အရေးကြီးပါကြောင်း၊ မျိုးဆက်သစ် လူငယ်များသည် ကတိသစ္စာ၏တန်းဖိုးကို သိရှိနားလည်ကြရန် လိုအပ်ပါကြောင်း အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းမျာ၊ အသိပညာပေး ဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာ ရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း