သရက်ချောင်း ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မိုးဦးကျကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လမ်းများ မပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် တာဝန်ရှိသူများက ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း၍ ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ-စစ်လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များ၌ ရေကန်ကြီးများ၊ ရေတိုင်ကီများ၊ ရေပုံးများ၊ ညောင်ရေအိုးများအတွင်းသို့ ပိုးလောက်လမ်းသေဆေး (အဘိတ်ဆေး) များကို စုပေါင်း၍ လိုက်လံခတ်ပေးခဲ့ပြီး အဆိုပါနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)