သရက်ချောင်းမြို့နယ် သစ်တောဦးစီးဌာန၌ လူထုဖြန့်ဝေမည့် သစ်ပင်ပျိုးပင်များ ပျိုးထောင်ဖြန့်ဝေပေးလျက်ရှိ

သရက်ချောင်း ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်မျှတရေးနှင့် ဒေသခံပြည်သူများ ထင်းလောင်စာဆီရရှိရေးအတွက်ရည်ရွယ်၍ သစ်တောဦးစီးဌာန၏ မြို့မပျိုးဥယျဉ်၌ လူထုထံဖြန့်ဝေမည့် သစ်ပင်ပျိုးပင်ပေါင်း ၂၂ဝဝဝ အား မြို့မပျိုးဥယျဥ်တွင် ပျိုးထောင်ဖြန့်ဝေပေးလျက်ရှိသည်။

၂ဝ၂၄ ခုနှစ် မိုးရာသီအတွက် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုထံဖြန့်ဝေ စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်ပေါင်း ၂၂ဝဝဝ ပင်ကို  မြို့မပျိုးဥယျာဥ်တွင် ပျဥ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ကံ့ကော်၊ စိန်ပန်း၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ ပျဉ်းမအစရှိသော အပင်များအားပျိုးထောင်ထားရှိပြီး  လက်ရှိမှာလည်းအချိန်မရွေး လာရောက်ဆက်သွယ်ရယူနိုင်ပါကြောင်းနှင့် လမ်းဘေးဝဲယာအရိပ်ရရန် ကုက္ကို၊ စိန်ပန်းစသည့် အရိပ်ရအပင်များကိုလည်းကောင်း၊ ထင်းလောင်စာရရှိရေး၊ တိုင်/မျှောရရှိရေးအတွက် မန်ဂျန်ရှား၊ မဟော်ဂနီစသည့် သစ်ပင်များအားလည်းကောင်း၊ ဘုရား၊ ကျောင်းကန်များတွင် စိုက်ပျိုးရန်၊ ကံ့ကော်၊ စိန်ပန်းစသည့် သစ်ပင်များအားလည်းကောင်း စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များအား ပျိုးထောင်ထားရှိပါကြောင်း သရက်ချောင်းမြို့နယ် သစ်တောဦးစီးဌာနက ဦးစီးမှူးဦးစိုးဦးထံက သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)