ထန်ပါခွေ ဇွန် ၂၁
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့အခြေခံပညာအထက်တန်းကျောင်း၌ မိုးရာသီကာလဖြစ်သည့်အတွက် ဖြစ်ပွားတတ်သောရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ယူတတ်မြှောက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ KG မှ Grade-11 ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူ (၄၈၈)ဦးတို့အား အမှတ်( ၅၂) တပ်ရင်းမှ ဒုအရာခံဗိုလ်( ဆေးလက်ထောက်) နှင့် ပြည်သူ့ကျန်းမာရေးဌာနမှ အရန်သူနာပြုအဖွဲ့ဝင်များက ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက အားဖြည့်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ရာသို့ ထန်ပါခွေမြို့ တပ်စခန်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးဝေလင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ဦး၊ နယ်မြေရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ကျော်ရွှေ၊ ပြန်/ဆက်ဦးစီးမှူး ဦးဟန်မျိုးထွန်း၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဖြိုးဇင်ထွန်း၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဒါနတို့က ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလန် (ပြန်/ဆက်)