ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ

ပန်းတနော် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးအဖွဲ့တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန ရွှေနော်သီရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဥာဏ်ပညာဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာ စကားပြောဆိုတတ်စေရေး၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရေး စသည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊  လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ပြည်သူ့နီတိ စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြတိုက်ငယ်နှင့် ခင်းကျင်းပြသထားရှိသည်များ၊ အသိပညာပေးနံရံကပ်ဗီနိုင်းပိုစတာများနှင့် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)