မြိတ်မြို့တွင် ဆလုံ(မော်ကယ်)တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားစာပေ ဆရာဖြစ်သင်တန်းနှင့် ရိုးရာအကသင်တန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြိတ် ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဆလုံ(မော်ကယ်)တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားစာပေ ဆရာဖြစ်သင်တန်းနှင့် ရိုးရာအကသင်တန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မှ ၂၂ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့ နံနက် ၉ နာရီအချိန်က မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆလုံ(မော်ကယ်)တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများ တိုးတက်ဖြစ်ထွန်းလာစေရန်၊ ဖွံ့ဖြိုးတိုးတက်မှုနည်းပါသည့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မော်ကယ်(ဆလုံ) စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးငွေဝင်းက ဆလုံ(မော်ကယ်)တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး မြိတ်ခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်က ဆလုံ(မော်ကယ်) တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီးက ဆလုံ(မော်ကယ်)တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဖွဲ့စည်းနိုင်ရေးကို ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ဆလုံ(မော်ကယ်)တိုင်းရင်းသားများက ဆလုံ(မော်ကယ်) တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ (ယခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအား ရေးဆွဲခြင်း)၊ ဆလုံ(မော်ကယ်) တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၊ တိုင်းရင်းသားဒေသများတွင် ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်