ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ပေါင်းတည် ဇွန်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အ-ထ-က(မြို့မ)မှ Grade-5 ကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် ကလေးသူငယ်ဆိုင်ရာ ဥပဒေများ၊ အရွယ်မရောက်သေးသူများအား အလုပ်ခိုင်းစေနေမှုများ၊ ကလေးသူငယ်များအပေါ် မတရားခေါင်းပုံဖြတ် စီးပွားရှာနေမှုများ၊ကလေးသူငယ်များလူကုန်ကူးခံနေရမှုများကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်းသိရသည်။

ယင်းနောက် မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး(ဒုတိယဦးစီးမှူး)ဒေါ်ဝင်းမြသန်းက ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်အား အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားကာ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်စာစောင်များနှင့် ရုံးတွင်း၌ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)