ဆိပ်ဖြူ ဇွန် ၂၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများအား ရာသီဥတု အညွှန်ကိန်း သီးနှံအာမခံ လုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ပြုလုပ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ မြန်မာ့အာမခံလုပ်ငန်း (ပခုက္ကူ) ခရိုင်ရုံးကတာဝန်ရှိသူများက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိုးသီးနှံ စိုက်ပျိုးစရိတ် ထုတ်ချေးမည့် တောင်သူများအား မြန်မာ့အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာနှင့် မြန်မာ့အာမခံလုပ်ငန်းများအနက် ရာသီဥတု အညွှန်ကိန်း သီးနှံအာမခံလုပ်ငန်းဆိုင်ရာများ၊ အာမခံစနစ်ထားရှိရမည့် လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ထို့နောက် တောင်သူများက သိရှိလိုသည်များကို ဆက်လက်မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးပြီး မိုးသီးနှံအတွက် အာမခံလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ရာသီဥတု အညွှန်ကိန်း သီးနှံအာမခံလုပ်ငန်း အာမခံကာလရက်ပေါင်း (၁၂၃) ရက်ဖြစ်ပြီး တစ်ဧကလျှင် (၃၀၀၀)ကျပ်အာမခံငွေထားရှိရမှာဖြစ်ကြောင်း ၊ ပထမ သတ်မှတ်ကာလ ဇူလိုင်လ(၁) ရက်နေ့မှ သြဂုတ်လ (၃၁)နေ့အထိ သတ်မှတ်ထားသည့် မိုးရေချိန် ( ၁ ဒဿမ ၆၉ ) လက်မအောက် လျော့နည်းခြင်း အကြောင်းအမျိုးမျိုးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးပါက အာမခံငွေ၏ (၂၀) ရာခိုင်နှုန်းကိုလည်းကောင်း ၊ ဒုတိယသတ်မှတ်ကာလ စက်တင်ဘာ (၁) ရက်နေ့ မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားသည့် မိုးရေချိန် ( ၄ ဒဿမ ၆၅ ) လက်မအောက် လျော့နည်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးပါက အာမခံငွေ၏ (၃၀) ရာခိုင်နှုန်းတို့ကို သီနှံထိခိုက်ပျက်စီးမှု လျော်ကြေးအဖြစ် သတ်မှတ်ထားရှိကြောင်း မြန်မာ့အာမခံလုပ်ငန်း(ပခုက္ကူ) ခရိုင်ရုံးက တာဝန်ရှိသူများထံမှ ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)