ရွှေတောင်မြို့နယ်တွင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

ရွှေတောင် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်မိမိချိုက သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၏ရည်ရွယ်ချက်များ၊ သက်ကြီးရွယ်အိုများ၏အခွင့်အရေးများ၊ ကော်မတီ၏ လုပ်ငန်း တာဝန်များကိုလည်းကောင်း၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်မို့မို့အေးက ဘိုးဘွား ရိပ်သာများအား ဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုခြင်းနှင့်ကြီးကြပ်ခြင်း၊ထောက်ပံ့ပေးမှုများနှင့် အထွေထွေတင်ပြချက်များအား ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ကော်မတီဝင်ဌာနဆိုင်ရာများနှင့် ရွှေတောင်ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများက သိရှိလိုသည်များနှင့် ဘိုးဘွားနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှရှေ့လုပ်ငန်းစဥ်များ ဆွေးနွေးခြင်းနှင့်ကော်မတီဝင်များ ပြန်လည်ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)