မင်းလှမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

အထက်မင်းလှ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စောင်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်‌ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်း‌ကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်အကြို သုတ/ရသ စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇာဇာ