ကဝ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာ ရန်ကုန်ဘဆွေ၏ “မြန်မာပြည်သား”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူငယ်အသင်း(Youth Club )အဖွဲ့ဝင် ဦးသော်တာဖုန်းက စာရေးဆရာ ရန်ကုန်ဘဆွေ၏ “မြန်မာပြည်သား”စာအုပ်မှ ရှေးမြန်မာပြည်သားတို့သည် ဆင်းရဲသော်လည်း ရိုးသားတယ်၊ ခမ်းနားတယ်၊ ရှေးအစဉ်အလာကို ထိန်းသိမ်းကြတယ်၊ မြန်မာဖြစ်ရသည့်အတွက် ဂုဏ်ယူကြောင်း၊ လူသားအားလုံးတို့သည် အရိုင်းဘဝမှ တိုးတက်လာပြီး ယဉ်ကျေးသော ဘဝကိုရောက်ရှိလာကြကြောင်း၊ ရှေးအခါက မြန်မာတို့ အင်္ကျီမဝတ်ဘဲ နေတတ်ကြကြောင်း၊ ၃၈ဖြာ မင်္ဂလာတရားတော်ကို ဦးထိပ်ထားသည့် လူမျိုးများဖြစ်ကြောင်း၊ အလွန်ရှက်တတ်သည့် လူမျိုးများဖြစ်ကြောင်း၊ ယောက်ျားများသည် ဆေးကွင်းမင်ကြောင်များ ထိုးကြကြောင်း၊ ဆေးမင်ထိုးရာတွင် နတ်ကြီးငါးပါးစသော မြင့်မြတ်သည့် ဆေးတို့ကို ဟင်္သာပြဒါးဖြင့် ခါး၏ အထက်ပိုင်း၌ ထိုးတတ်ကြ၍ အထက်ဆေးဟုလည်းကောင်း၊ ဆေးရိုးကြီးစသော ဆေးတို့ကို နွားသည်းခြေနှင့် သတ်ထားသော မင်နက်ဖြင့် ခါး၏ အောက်ပိုင်း၌ ထိုးတတ်ကြ၍ အောက်ဆေးဟုလည်းကောင်းခေါ်ကြကြောင်း၊ ဆေးမင်ကြောင်များသည် မြန်မာလုလင်များအဖို့ ကျားကျားလျားလျားနှင့်ပင် ယဉ်သည်၊ လှသည်ဟု အထင်ရှိပြီး အပျိုလေးတွေ ငေးကြည့်ရလောက်အောင် လှပခန့်ညားလှသည်ဟု ရေးသားထားသော ရန်ကုန်ဘဆွေ၏ မြန်မာပြည်သားဝတ္ထုသည် စာအုပ်ကောင်းတစ်အုပ်ဖြစ်၍ ဖတ်သင့်ကြောင်း ဦးဆောင်ဆွေးနွေးသွားကာ တက်ရောက်လာသူများက မိမိတို့ သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)