လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်းဘွဲ၊ ဇွန် ၂၁

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် လှိုင်းဘွဲမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊ ယနေ့ခေတ်တွင် အများဆုံးသုံးစွဲနေသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မိမိကိုယ်ကိုကာကွယ်ခြင်း၊ မိမိ မိသားစုကိုကာကွယ်ခြင်း၊ မိမိပတ်ဝန်းကျင်ကို ကာကွယ်ခြင်းစသည့် ကာကွယ်တားဆီးရမည့် နည်းလမ်းများနှင့် အရေးယူ ဆောင်ရွက်နိုင်သည့် ပြစ်မှု၊ပြစ်ဒဏ်များစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးစောသော်တာလင်းသန့်က   မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ လူ့စွမ်းအား အရင်းအမြစ် တိုးတက်မြှင့်မားလာစေရန်အတွက် မူးယစ် ဆေးဝါးနှင့် ကင်းရှင်းရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။  

ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေက မီးသတ်တပ်ဖွဲ့၏  ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရသည့် ပစ္စည်း ကိရိယာများ အသုံးဝင်ပုံ၊ သဘာဝဘေးအန္တရာယ်ကြောင့် အရေးပေါ် ရှာဖွေကယ်ဆယ်ခြင်းနှင့် ကယ်တင်ခြင်းနည်းလမ်းများကို လက်တွေ့သရုပ်ပြသပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ တားဆီးကာကွယ်ရေး နည်းလမ်းများအကြောင်းနှင့် လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များ စသည့်သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံများကို ကျောင်းသား၊ ကျောင်းသူ‌ လေးများက စိတ်ပါဝင်စားဖြင့်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

စောဒိ (ပြန်/ဆက်)