ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပတ်စဉ် (၃၉) သူနာပြု-သားဖွား (ဒီပလိုမာ) ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား တက်ရောက်

ပုသိမ် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် အပတ်စဉ် (၃၉) သူနာပြု-သားဖွား (ဒီပလိုမာ) ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးအတွက် ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးနိုင်မည့် သူနာပြု-သားဖွား (ဒီပလိုမာ) ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းနိုင်ခဲ့သည့်အတွက် ယနေ့သည် မင်္ဂလာရှိသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားတွင် သင်တန်းသား (၁၉) ဦးနှင့် သင်တန်းသူ (၉၄) ဦး၊ စုစုပေါင်း (၁၁၃) ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းသွားမည်ဖြစ်ပါကြောင်း၊ (၂.၁.၂၀၂၄) ရက်နေ့တွင် စတင် ဖွင့်လှစ်သည့် သူနာပြုသားဖွား ဒီပလိုမာ ပထမနှစ် သင်တန်းသား၊ သင်တန်းသူ (၁၁၃) ဦး အပါအဝင် စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၅၁) ဦးအား ပုသိမ်သူနာပြုနှင့်သားဖွား သင်တန်းကျောင်းတွင် သူနာပြု အတတ်ပညာများ လေ့ကျင့်ပျိုးထောင်နေသည့်အတွက် မကြာမီတွင် ပြည်သူများအားထားရသည့် သူနာပြု၊ သားဖွား ဆရာ၊ ဆရာမကောင်းများ ထပ်မံမွေးထုတ် လာနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်း (၃) ကျောင်းတွင် သူနာပြုအတတ်ပညာများ လေ့ကျင့်ပျိုးထောင် ပေးလျက်ရှိပြီး သင်တန်းဆင်း သူနာပြု ဆရာ/ဆရာမ များသည် ယခုအချိန်တွင် နေရာဒေသသီးသီးတွင် တာဝန်ကျေပွန်စွာဖြင့် ပြည်သူ့အကျိုးကို ထမ်းဆောင်နေကြပြီ ဖြစ်ပါကြောင်း၊ ပုသိမ် သူနာပြု-သားဖွား သင်တန်းကျောင်း၏ ဂုဏ်ယူဖွယ်ရာအဖြစ် ဖလောရင့် နိုက်တင်ဂေးလ်ဆုရှင် စနိုင်နိုင်ထွန်းသည် ပုသိမ်သူနာပြုနှင့် သားဖွား သင်တန်းကျောင်းမှ ၂၀၀၃ ခုနှစ်တွင် မွေးထုတ်ပေးခဲ့သောသူနာပြု တစ်ဦးဖြစ်ပြီး ယခုလက်ရှိ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံတွင် သူနာပြုကြီးအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း မိမိအသက်ကိုပဓာနမထားဘဲ ကျန်းမာရေးလုပ်ငန်းများကို ရှေ့တန်းကျကျ ဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ မိမိတို့ကျရာဒေသများ၌ တာဝန် ထမ်းဆောင်ကြသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ များအား အရင်းခံ၍ ကျန်းမာရေး လုပ်ငန်းအား ထဲထဲဝင်ဝင်ဖြင့် လူနာများအား မိမိတို့တတ်မြောက်ထားသည့် ကျန်းမာရေး အတတ်ပညာများဖြင့် အစွမ်းကုန်ပြုစုရန်လိုပါကြောင်း၊ တိုင်းဒေသကြီးသည် လူဦးရေများပြားပြီး မြစ်ချောင်း အင်းအိုင်များ ပေါများကာ သွားလာရေးခက်ခဲသည့် နေရာဒေသများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး သူနာပြုနှင့်သားဖွား တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား များစွာအားထားပါကြောင်း၊  သင်တန်းပြီးဆုံးသည့် အခါမှာလည်း နေရာဒေသမရွေး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက “ကရုဏာအလင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြု ဖျော်ဖြေခဲ့ပြီးနောက် ပုသိမ်မြို့ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြု သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းများတွင် ထူးချွန်ဆု ရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယနေ့ပြုလုပ်သည့် ပုသိမ်သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ အပတ်စဉ် (၃၉) သူနာပြု-သားဖွား (ဒီပလိုမာ) ပထမနှစ်သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲတွင် သင်တန်းသား (၁၉) ဦး၊ သင်တန်းသူ (၉၄) ဦး၊ စုစုပေါင်း (၁၁၃) ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)