တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်

ပုသိမ် ဇွန် ၂၁

၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက်  (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး အစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် အမျိုးသမီးဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်သောကြောင့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊  ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် အတွင်း၌လည်း ပြိုင်ဘက်အသင်းကို သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ပြိုင်ပွဲ ပြီးစီးသည်အထိ ယှဉ်ပြိုင်ရဲသည့် ကြံ့ခိုင်သော စိတ်ဓာတ်ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများ ပြိုင်ပွဲဥပဒေများအတိုင်း တိတိကျကျ ဆုံးဖြတ်ကြီးကြပ်ပေးကြရန်ကိုလည်း မှာကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြ‌စေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ စစ်ကြောင်းမှူး ဦးဆောင်သည့် ပြိုင်ပွဲဝင် အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင်အသင်းများအား ချီးမြှင့်ငွေနှင့် ဘောလုံးများ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် မြန်အောင်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ယခုလ (၂၀) ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)