ငါးသိုင်းချောင်းမြို့၊ အ.ထ.က(ငါးသိုင်းချောင်း) ကျောင်း၌  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ငါးသိုင်းချောင်း ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အ.ထ.က (ငါးသိုင်းချောင်း) ကျောင်း၌ ယနေ့ နေ့လည် (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးခင်မောင်မြင့် ကကျောင်းသား/ ကျောင်းသူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့်  ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း ကိုအကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ငါးသိုင်းချောင်းမြို့ နယ်မြေစခန်းမှူး ရဲအုပ်တင်လင်းထွဋ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးမင်းလတ်က လူငယ်နှင့်အစားအသောက်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်နှင်းနှင်းအေးက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားပြီး အခြေခံ ကိုယ်လက်လေ့ကျင့်လှုပ်ရှားမှုများကို ကျောင်းသား၊ကျောင်းသူလေးများနှင့်အတူ လက်တွေ့ပြသ လုပ်ဆောင်ခဲ့ပြီး အားကစားပစ္စည်းများကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး  နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)