ကြို့ပင်ကောက် နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြု ရန်အတွက် စေတနာရှင် အလှူရှင်များက ယနေ့ မွန်းတည့် ၁၂ နာရီတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်းခြင်းနှင့် လှူဒါန်းသောအလှူငွေများဖြင့် ဝယ်ယူ ထားသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ကြို့ပင်ကောက်မြို့တွင် ယနေ့အထိကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၅၆)ဦးအထိ ကူးစက်မှုဖြစ်ပွားခဲ့ပြီး အတည်ပြုလူနာ (၄၄)ဦး ကျန်းမာစွာဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း အနီးပတ်ဝန်းကျင်မြို့များတွင် ဒေသတွင်း ကူးစက်မှုများဖြစ်ပေါ်နေပြီ ဖြစ်ကြောင်းထပ်မံပြီး ပြည်ပပြန်နှင့် ရန်ကုန်တိုင်း ဒေသကြီးမှပြန်လည်ရောက်ရှိလာကြသူများလည်း ရှိနေသေးကြောင်း ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိလာရပါက ယခုကဲ့သို့ ကျန်းမာစွာဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေး နှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုသွားနိုင်ရန်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကုသရေးအထောက်အကူပြုလုပ်ငန်းသုံးပစ္စည်းများ လိုအပ် လျက်ရှိကြောင်း လက်ရှိမှာလည်း အလှူရှင်များ လှူဒါန်းထားသော ကုသရေးပစ္စည်း များလည်းရရှိထားပြီ ဖြစ်သော်လည်း လိုအပ်ချက်များရှိနေသေးပါကြောင်း ယခုလှူဒါန်းသောအလှူငွေများဖြင့် ဝယ်ယူရရှိသော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများသည် ကိုဗစ်အလွန်ကာလတွင်လည်း မြို့နယ်ပြည်သူ့ဆေးရုံတွင်လူနာများအား ကုသရေးလုပ်ငန်းများတွင် လည်း ဆက်လက်အသုံးပြု သွားမည်ဖြစ်၍ များစွာအကျိုးရှိပါကြောင်း ပြောကြားခဲ့ပြီး အလှူရှင်များမှလှူဒါန်းသော အလှူငွေကျပ် ၂၅ သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက် လှူဒါန်းသောအလှူငွေများဖြင့်ဝယ်ယူထားသော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ဖြစ်သော Patient Monitor နှင့်ဆက်စပ်ပစ္စည်းများ၊ Defibrillator ၊ Oxygen Concentrator ၊ Hoods for PAPRS (၄)စုံ၊ PPE ဝတ်စုံ(၁၈၂) စုံ တို့ကို အလှူရှင်များက လွှဲပြောင်း ပေးအပ်ခဲရာ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုးမြင့်အောင် မြို့နယ်ပြည်သူ့ ဆေးရုံတွင် လက်ရှိ ကုသဆောင်ရွက် ပေးနေရသော အခြားရောဂါဝေဒနာရှင် များအား ကုသပေးနေရမှု အပိုင်းနှင့်လှူဒါန်းပေးသော အလှူရှင်များကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)