ဒေးဒရဲ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီကစတင်၍ အမှတ် (၃)ရပ်ကွက်ရှိ ဘုရားကြီးကွက်သစ်နှင့် တော်တနီးကွက်သစ်များရှိ နေအိမ်များသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် အသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးဟောပြောခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေစည်၊ ရေအိုး၊ သောက်သုံးရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် မိုးရာသီကာလဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် တစ်မြိုနယ်လုံးအတိုင်းအတာဖြင့် ခြင်ခိုအောင်းနိုင်သည့် ခြုံနွယ်နှင့် မြက်ပင်ပေါင်းပင်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအလိုက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အပတ်စဥ်စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း