ဒီးမော့ဆို နိုဝင်ဘာ ၁၃
ကယားပြည်နယ်တွင် ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် နိုဝင်ဘာ ၅ ရက် ညနေပိုင်းက မကွေးမြို့နယ်မှ ဒီးမော့ဆိုမြို့နယ် ကပ္ပာယ်ခူပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ဝင်ရောက်လာသူ (၃)ဦးသည် အခြေခံပညာ အထက်တန်း ကျောင်း (ဒီးမော့ဆို)၌ အသွားအလာ ကန့်သတ်ထားစဉ် ၎င်းတို့၏ ဓာတ်ခွဲနမူနာများ ရယူပြီး တောင်ကြီးမြို့ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီက ထုတ်ပြန်ချက်တွင် အသက် (၃၀) နှစ်အရွယ် အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ဒီးမော့ဆိုမြို့နယ် ကပ္ပာယ်ခူပူးပေါင်း စစ်ဆေးရေးဂိတ်နှင့် အသွားအလာ ကန့်သတ်ထားသော အခြေခံပညာအထက်တန်းကျောင်း(ဒီးမော့ဆို) တို့မှ တာဝန်ကျ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများ စုစုပေါင်း ၆၃ ဦးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း ရှိ/မရှိ RDT Test Kit ဖြင့် နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း မရှိကြောင်း သိရသည်။
ပိုးတွေ့လူနာသည် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ကယားပြည်နယ်တွင် ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ဒီးမော့ဆို)တွင် အသွား အလာ ကန့်သတ်ထားသူ ၃၁ ဦးကိုလည်း ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)